ရခိုင်ပြည်နေရာ အနှဲ့အပြား၌ နွားလားဥဿဘ ရုပ်များကို
သမိုင်းရုပ်ကြွင်းများအဖြစ် တွေ့ရသည်။ ဓည၀ တီ ခေတ်မှသည် မြောက်ဦးခေတ်အထိ
နွားလားဥဿဘရုပ်များကို ဘာသာရေးဆိုင်ရာ ဘုရားပုထိုး စေတီ
များတွင်လည်းကောင်း၊ ဗုဒ္ဓ၀င်အုတ်ခွက် ကျောက်ခွက်များတွင်လည်းကောင်း၊
ငွေဒင်္ဂါးများတွင် လည်းကောင်း၊ ပုရပိုက်မော်ကွန်းများတွင် လည်းကောင်း၊
၁၂-လရာသီ စက် လက္ခဏါများတွင် လည်းကောင်း၊ ထွင်း ထု သွန်းလုပ်ခဲ့ကြသည်များကို
တွေ့ရသည်။
အချို့သော သုတေသီများက နွားလားဥဿဘသည် သီဝဘုရားသခင်နှင့်
ကြိချတော်ဘုရားသခင်တို့၏ တ မန်တော် နန္ဒိနွားလားကို ကိုးကွယ်ကြသည်။ ရခိုင်မှ
နွားလား ဥဿဘရုပ်များသည် အိန္ဓိယပြည် ဟိန္ဒူဘာ သာမှ ပျံ့နှံ့စိမ့်ဝင်လာခြင်း
ဖြစ်မည်။ ရှေးခေတ် ရခိုင်တို့သည်လည်း နွားလား ဥဿဘရုပ်များကို ကိုးကွယ်
ကြသည်။ ဟိန္ဒူ ဘာသာဝင်များသာ ဖြစ်မည်ဟု ကောက်ချက်ချတတ်ကြသည်။
ဤသို့ယူဆခြင်းမှာ တစိတ်တဒေသအားဖြင့် မှန်ကန်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော
ရှေးခေတ်ရခိုင် ပြည်၌ ရာဇာဌာနီမင်းနေပြည်များ ထွန်းကားခဲ့သဖြင့်
လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ မှီတင်းနေထိုင် ခဲ့ကြ ပေမည်။
ယင်းအထဲတွင် ဟိန္ဒူဘာသာဝင် နန္ဒိနွားလားကို ကိုးကွယ် ခဲ့ကြသူများလည်း
ရှိကောင်း ရှိပေလိမ့် မည်။
သို့သော် ရခိုင်တို့သည် ဓည၀တီခေတ် စန္ဒာသူရိယမင်း လက်ထက် ဗုဒ္ဓဘုရားသခင်
ရခိုင်ပြည်သို့ ဒေသစာရီ ကြွချီလာစဉ်မှ အစပြု၍ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်
ကိုးကွယ်ခဲ့ကြပေသည်။ ဗုဒ္ဓဘာသာ၏ တရားထူး တရားစစ်ဖြေစ်သော ယေဓမ္မာဂါထာတော်များ
ရေးထိုးထားသည့် ကျောက်စာများမှာ ရခိုင်တို့သည် စစ်မှန် သော ဗုဒ္ဓဘာသာ
ဝင်များသာဖြစ်ကြောင်း သက်သေထူနေပေသည်။
ဟိန္ဒူဘာသာအယူအဆတွင် နွားလားဥဿဘသည် ဘုရားသခင်၏ တမန်တော်အဖြစ်
ဘုရားအမှတ်အဖြစ် ကိုးကွယ်သော ရုပ်တုဆင်းတုတစ်ခု ဖြစ်ပေသည်။ ကိုးကွယ်သော
ရုပ်တုဆင်းတုတစ်ခုဖြစ်၍ ဘာသာရေး ဆိုင်ရာ မြင့်မြတ်သော နေရာများတွင်သာ
တင့်တင့်တယ်တယ် ရှိနေကြပေမည်။ သို့သော် ရခိုင်ပြည်၌ တွေ့ ရ သော
နွားလားဥဿဘရုပ်များမှာ ဘာသာရေးဆိုင်ရာ အခန်းကဏ္ဍတွင်သာမက၊ အခြားအခြားသော
အခန်း ကဏ္ဍများတွင်လည်း ပါဝင်နေသည်များကို တွေ့ရပေသည်။ သို့နှင့်
နွားလားဥဿဘရုပ်သည် ဘာသာရေး တစ်ခုတည်း အတွက်သာ ရည်မှန်းထုလုပ်
ကိုးကွယ်ခဲ့ကြခြင်းမျိုးလော၊ ဘာသာရေးဟု ဆိုရာ၌ လည်း ဟိုန္ဒူ ဘာသာ အယူဝါဒ
တစ်ခုတည်းအတွက်သာ ရည်သန်ခဲ့သလော၊ ဘာသာရေးနှင့် မသက်ဆိုင် သည့် အခန်း
ကဏ္ဍများမှ နွားလားဥဿဘရုပ်များကား မည်သည်တို့ကို ရည်ညွှန်းခဲ့ပါလေသနည်း။ သုတေ
သနပြုလုပ်ရန် လိုအပ်ပေမည်။
သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်ပါလျှင် ရခိုင်ဘုရင်တို့သည် ဓည၀တီခေတ်
သူရိယမင်းဆက်မှ အစပြု၍ နန်းသိမ်းပွဲ၊ နန်းတက်ပွဲ၊ ရာဇဘိသေက ဘိသိတ်မင်္ဂလာ
အထိမ်းအမှတ်များ၌ နွားလား ဥဿဘရုပ်များကို မင်္ဂလာ ပစ္စည်းတစ်ခုအဖြစ်
ထည့်သွင်းခဲ့ကြသည်။
ဤသို့ ထည့်သွင်းရခြင်းမှာ ရခိုင်ဘုရင်များ အနေဖြင့် ဓည၀တီခေတ်မှ
သည်မြောက်ဦးခေတ်အထိ မင်္ဂလာ ရက်မြတ်အဖြစ် ဘိသိက်မင်္ဂလာနေ့ကို က
ဆုန်လဆန်းတစ်ရက်နေ့ကိုသာ အစဉ်အဆက်သတ်မှတ် ရွေး ချယ်ခဲ့ခြင်းကြောင့်
ဖြစ်သည်။ ကဆုန်လဆန်းတစ်ရက်နေ့ကို ရခိုင်တို့သည် မြေမနာ နေလနက္ခတ် မ ပုတ်သော
နှစ်ဦးပေါ်နေ့ဟု အယူရှိကြသည်။ မြေမနာ နက္ခတ်မပုတ်ဟု ဆိုခြင်းမှာလည်း
နှစ်ဆန်း လဆန်း ဖြစ်သောကြောင့် မြေငလျင်မလှုပ်သေး၊ နေလနက္ခတ်
မကြတ်သေးခြင်းကို ဆိုလိုပေသည်။ ဤနေ့ ဤလ၏ ရာသီမှာ ပြိဿရာသီ ဖြစ်သည်။ ဤရာသီ၌
ရာသီရုပ် နွားလားဥဿဘရုပ်ရှိ သည်။ ကောင်းမြတ်သော ပြိဿရာသီ၏ ရာသီရုပ်
နွားလားဥဿဘကို ဘိသိက်မင်္ဂလာ၌ မင်္ဂလာပစ္စည်းတစ်ခုအဖြစ် ထည့်သွင်းခြင်းမှာ
သဘာဝကျလှပေသည်။
ဝေသာလီမှ ပေါ်ထွက်လာသော ဘိသေကကျောက်ပြား (၀ါ) ၁၂-လရာသီစက်တွင်လည်း ပြိဿရာသီ၌
နွားလားဥဿဘရုပ် ပါရှီပေသည်။ မြောက်ဦးခေတ် မဟာပညာကျော်ရေး ၁၂-လရာသီဘွဲ့
ဧကပိုဒ်ရတု ကဆန်လတွင်လည်း "ရာသီပြိဿ၊ ကဆုန်လ၀ယ်၊ မာဃနငြိမ်၊
ပျော်ရှိန်သဲသဲ၊ ညောင်ရေပွဲဟု၊ ပါင့်မြဲစံကား၊ နှစ်ဖ၀ါးတိ၊ နွားလားဥဿဘ၊
တံငါ့တာရာ" စသည်ဖြင့် နွားလားဥဿဘရုပ်ကို ပြိဿရာသီ၏ ရာသီရုပ် အဖြစ်
အသုံးပြုခဲ့ကြောင်းတွေ့ရသည်။
ဓည၀တီပြည် စန္ဒာသူရိယမင်း လက်ထက်တွင် ဗုဒ္ဓဘုရားရှင်သည် ဓည၀တီပြည်သို့
ကြွချီလာပြီး မဟမုနိ ရုပ်ပွားတော်ကို သွန်းလုပ်ခဲ့သည်။ ရုပ်ပွားတော်ကြီး၏
ထိုင်ရာပလ္လင်အောက်ခြေတွင် ဗုဒ္ဓမြတ်စွာ၏ လေးခန်း ဗုဒ္ဓ၀င်ဖြစ်သော ဆင်၊မြင်း၊
နွားလား၊ ခြင်္သေ့ရုပ်များကို ထွင်းထုခဲ့သည်ဟု သိရပေသည်။
လေးခန်းဗုဒ္ဓ၀င်၌ နွားလား ဥဿဘရုပ်ကို ထည့်သွင်းရခြင်းမှာ ဗုဒ္ဓဘုရားရှင်သည်
ပြိဿရာသီ ကဆုန် လပြည့်နေ့တွင် အလောင်းတော် သူမေဓါရှင်ရသေ့ဘ၀၌
ဒီပင်္ကရာဘုရားရှင်၏ ခြေတော်ရင်းဝယ် နိဒ္ဓ ယံဗျာဒိတ်ပန်းကို
ရောက်ရှိတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ဘုရားအဖြစ်သို့
ရောက်ရှိတော်မူခြင်း၊ (ပရိနိ ဗ္ဗာန် စံပ္ပယ်တော်မူခြင်း) စသည့်
အထိမ်းအမှတ်အဖြစ် ပြိဿရာသီ၏ သင်္ကေတဖြစ်သော နွားလားဥဿဘ ရုပ်ကို
ထည့်သွင်းထားခြင်း ဖြစ်ပေသည်။
စန္ဒာသူရိယမင်းမှ အစပြု၍ ရခိုင်ဘုရင်အဆက်ဆက်တို့သည်
ဘုရားပုထိုးစေတီတော်များ၏ အောက်ခံတွင် လည်းကော်ငး၊ အုတ်ခွက်၊
ကျောက်ခွက်များတွင်လည်းကောင်း နွားလားဥဿဘရုပ် ပါရှိသော လေးခန်း ဗုဒ္ဓ၀င်၊
ရှစ်ခန်းဗုဒ္ဓ၀င်၊ ၁၂ခန်း ဗုဒ္ဓ၀င်ရုပ်များကို ထွင်းထုခဲ့ကြပေသည်။
မြောက်ဦးမြို့၏ မြောက်ဘက်တစ်မိုင်ကျော်ခန့်အကွာ သာရပပ္ပတတောင်ပေါ်တွင်
ဝေသာလီခေတ် စန္ဒြား မင်းဆက်မှ တည်ထားကိုးကွယ်ခဲ့သော သာရပပ္ပတ
စေတီတော်၏အောက်ခံ လေးခန်းဗုဒ္ဓ၀င်တွင် နွားလား ဥဿဘရုပ်မှာ အလွန်လက်ရာ
မြောက်လှပေသည်။
ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းကြီးသည်လည်း အသောကကျောက်တိုင်ထိပ်တွင် ဆင်၊
မြင်း၊ နွား လား၊ ခြင်္သေ့စသည့် လေးခန်းဗုဒ္ဓ၀င်ရုပ်များကို ထုလုပ်ခဲ့သည်။
တချို့သော သုတေသီများက ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓဘုရားရှင်၏ ဆင်းတုတော်ကို
အစိန္တေယျဖြစ်၍ ထုလုပ်ကိုးကွယ်ခြင်းငှာ ကြောက်ရွံ့ကြသဖြင့်
လေးခန်းဗုဒ္ဓ၀င်ဖြစ်သော ဆင်၊မြင်း၊ နွားလား၊ ခြင်္သေ့ရုပ်များ ကိုသာ
ထုလုပ်ကိုးကွယ်ခဲ့ကြသည်ဟု အဆိုရှိပေသည်။
ရခိုင်ပြည်၌ တွေ့ရသော ဗုဒ္ဓမြတ်စွာ၏ ခြေတော်စက်တါင်လည်း ဥပေါသကဆင်မွန်၊
ဆဒ္ဒန်တခြား၊ နဂါးစံ ပါယ်၊ မသွယ်တူစွ၊ ဥဿဘမကျန်၊ ဧရာဝဏ်မကာရ်း၊
ထူးဆန်းအံ့ဖွယ်၊ ရွှေလှီရောင်ဝါ၊ မျက်နှာလေးပါး၊ နွား သားမိစစ်၊
အဖြစ်များစွာ စသည်ဖြင့် နွားရုပ်များကို တွေ့ရပေသည်။
မြောက်ဦးခေတ်ဦး မင်းဗာကြီးလက်ထက် တည်ထားကိုးကွယ်ခဲ့သော ရန်အော်ဇေယျ(ခေါ်)
သျှစ်သောင်း ပုထိုးတော်ကြီး၏ လှိုဏ်ဂူတော်နံရံ၌လည်း " အစကြိုးကြာ၊
ဆယ့်ခြောက်ခါနှင့်၊ ဟင်္သာကိုးဖြစ်၊ ခြောက်ဖြစ် ကခို၊ ကျီးညိုသုံးခါ၊
သံသာကျူးထိပ်၊ ကရိတ်ငါး၊ လေးပါးကိန္နရီ၊ စာမရီဆယ့်ငါး၊ မျောက်ကားတဆယ်၊ ဆင်
ဝယ်ဆယ့်တစ်၊ နွားဖြစ်ဆယ့်လေး၊ ဟကေးသိန္ဒ၀" စသည်ဖြင့် နွားရုပ်ပေါင်း
တစ်ဆယ့်လေးရုပ်ကို မြတ်စွာ ဘုရားကျင်လည်ခဲ့သော နွားလားဥဿဘအဖြစ် တွေ့ရပေသည်။
ဝေသာလီခေတ် စန္ဒြားမင်းများ ကျပ်သုံး၊ မူးသုံး၊ မတ်သုံး
ဒင်္ဂါးများတွင်လည်းကောင်း၊ ဝေသာလီမှ ပေါ်ထွက် လာသော ကြေးပုရပိုက်
မော်ကွန်းတစ်ဆူ၏ ထိပ်ပိုင်းတွင်လည်းကောင်း ၀ပ်နေသော နွားလားဥဿဘရုပ် များကို
တွေ့ရပေသည်။ ဤနွားလားဥဿဘရုပ်မှာ အထက်တွင်တင်ပြခဲ့သည့် ဘာသာရေးဆိုင်ရာ
အထိမ်း အမှတ်နှင့်သော လည်းကောင်း၊ ရာသီရုပ်ဆိုင်ရာ
သင်္ကေတနှင့်သော်လည်းကောင်း၊ ဗုဒ္ဓမြတ်စွာ၏ ခြေတော် ရာ
ဖြစ်တော်စဉ်များနှင့်သော် လည်းကောင်း သက်ဆိုင်မည် မဟုတ်ပေ။ ရခိုင်ဘုရင်
အစဉ်အဆက်တို့၏ ဘိသိက်မင်္ဂလာ အထိမ်းအမှတ်ပါ နွားလားဥဿဘရုပ်ကို ရည်သန်၍သော်
လည်းကောင်း၊ ဓည၀တီ ဟူသော အမည်နှင့်အညီ ဆန်ရေစပါး စိုက်ပျိုးခြင်း၌
အဓိကကျသော နွားကို ရည်ညွန်း၍သော်လည်း ကောင်း၊ နိုင်ငံတော်၏ တံဆိပ်အဖြစ်
အသုံးပြု ခတ်နှိပ်ခဲ့ခြင်းမျိုးလောဟု ယူဆရပေသည်။
ယခုခေတ်ဒင်္ဂါးနှင့် တံဆိပ်များတွင် ခြင်္သေ့ရုပ်များကိုလည်းကောင်း၊
ပြည်သူ့ရဲများ၏ တံဆိပ်တွင် ကြံ့နှင့် မီးချောင်းစသည့် အရုပ်များကို
လည်းကောင်း၊ သုံးစွဲသကဲ့သို့ နွားလားဥဿဘရုပ်ကို နိုင်ငံတော်၏ တံဆိပ်
ရုပ်အဖြစ် သုံးစွဲခဲ့ခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။
ဝေသာလီမှတွေ့ရှသော ပရွင်းသံဒါ ကျောက်များတွင်လည်း နွားလားဥဉဘရုပ်များ
ပါရှိသည်ကိုတွေ့ရသည်။ လက်ဝတ်ရတနာ ကိုယ်ဝတ်ရတနာများ၌ မည်သည့်အတွက်
နွားလားဥဿဘရုပ်ကို အမြတ်တနိုး ထွင်းထု ခဲ့ကြသည်ကိုမူ
တပ်အပ်သေချာမသိရှိနိုင်သေးပေ။
မြောက်ဦးမြို့နယ် နောင်ဦးကျေးရွာမှ ရသည့် ကျောက်တိုင်ကြီးများဖြင့်
တည်ဆောက်ထားသော နွားတင်း ကုတ်တွင် ၀ပ်နေသော နွားလားဥဿဘနှင့် အွလွန်တူသော
နွားလားမျိုး၊ မင်းပြားမြို့နယ် ကျောက်ငနွား ရွာတွင်လည်း
တစ်ရုပ်ရှိသေးသည်ဟု သိရသည်။
လွန်ခဲ့သောနှစ်က ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဝေသာလီမြို့ဟောင်းကို
ကွင်းဆင်းသုတေသနပြု တူး ဖော်မှုလုပ်ငန်းများ ပြုလုပ်စဉ်က ကုန်းအမှတ်(၃)မှ
ဝက်နေသည့်ပုံစံ နွားလားဥဿဘရုပ် နောက်ပိုင်း တစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်။
သုတေသနတစ်ဦး၏ လက်ထဲတွင်လည်း ရပ်နေသော ကျောက်နွား ရုပ်ငယ်တစ်ခုကို
တွေ့ရသည်။ မြောက်ဦးမြို့နယ် လက္ကားကျေးရွာမှလည်း ရပ်နေသည့်ပုံစံ
ကြေးနွားရုပ် ငယ်တစ်ခုကို တွေ့ရသည်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစမီက
ပန်းတိမ်ဆရာကြီးတစ်ဦး၏ လက်ထဲ၌လည်း ရပ်နေသောပုံစံ နွားရုပ်နှင့်
ဝပ်နေသောပုံစံ နွားရုပ်သားမိကို တွေ့မြင်ဖူးသည်။
ဤနွားရုပ်များကား မည်သည့်ဘာသာ အယူဝါဒ၊ မည်သည့်အထိမ်းအမှတ်၊ မည်သည့်သင်္ကေတ၊
မည်သည့် အယူအဆ၊ မည်သည့်တံဆိပ်များအဖြစ် ထုလုပ်ခဲ့ကြသည်ကို
ဆက်လက်သုတေသနပြုလုပ်ရန် ဖိတ်ခေါ် လျက်ရှိနေကြသရောင်...။
ဦးသာထွန်း
ပြည်နယ်စာစောင် ၁၂၊ ၁၉၈၂ ခုနှစ်
ဦးဦးသာထွန်း(ရခိုင်၊မြန်မာ ပဏ္ဍိတ်)ရေးသားသော ရခိုင်တန်ဆောင်ဆောင်းပါများ စာအုပ်မှ-)
0 comments:
Post a Comment