Sunday, September 13, 2015

မြောက်ဦး

ရှေးရခိုင်တို့ နယ်မြေ “မြောက်ဦး” သည် လေ့လာစရာ များလှ၏
မြောက်ဦးမြို့ကို မြို့ဟောင်းမြို့ ဟုလည်း ခေါ်ကြသည်။ ဤသို့ ခေါ်ကြသည့် အကြောင်းမှာ မြောက်ဦးမြို့သည် ရှေးရခိုင်မင်းများ နန်းစိုက်ရာ အရပ် အဖြစ် နှစ်ပေါင်း များစွာ ကတည်းက ရှိခဲ့သော ရှေးဟောင်းမြို့၊ သမိုင်းဝင်မြို့ ဖြစ်သောကြောင့် ဤသို့ `မြို့ဟောင်း´ ဟု အမည်တွင်ကာ ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။၁၉၉၅ခုနှစ်က တွေ့ခဲ့ရသော ရတနာပုံစေတီ ၊
ယခုပြန်လည်ပြုပြင်ပြီးဖြစ်၏။
ရတနာပုံစေတီမှ မြောက်ဦးဘုရင် မင်းခမောင်းနှင့်
မိဖုရားသျှင်ထွေးတို့က အေဒီ ၁၆၁၂ တွင်တည်ထားခဲ့သည်။ မြောက်ဦးမြို့ နေရာတွင် ခရစ်နှစ် အေဒီ ၇၇၆ မှ ၇၉၂ ခုထိ ပဲဖြူမင်း လက်ထက်၌ မြို့တော် အဖြစ် နန်းစိုက်ခဲ့ဖူးကြောင်း အစဉ်အလာ မှတ်တမ်းများ အရ လက်ခံထားကြသည်။ ရခိုင် ရာဇ၀င်တွင် ပထမ ဓည၀တီ(ဘီစီ ၃၀၀၀)၊ ကန်သုံးဆင့်(ဘီစီ ၁၆၀၀)၊ နီလာပန်းတောင်း(ဘီစီ ၁၆၀၀)၊ ကျောက်ပန်းတောင်း(ဘီစီ ၁၅၃၁-၁၅၀၇)၊ ဒုတိယ ဓည၀တီ(ဘီစီ ၁၅၀၇-၅၈၀)၊ တတိယ ဓည၀တီ (ဘီစီ ၅၈၀-၃၂၆x၊ ဝေသာလီ(အေဒီ ၃၂၇-၇၇၆) ၊ မြောက်ဦး(အေဒီ ၇၇၆-၇၉၂)၊ ပထမ ဓမ္ဘ၀က်(အေဒီ ၇၉၄- ၈၁၈)၊ ပဉ္စာ(အေဒီ ၈၁၈-၁၁၀၃)၊ ပထမ လောင်းကြက်(အေဒီ ၁၁၀၃)၊ ပထမ ပုရိန်(အေဒီ ၁၁၀၃-၁၁၂၃)၊ ဒုတိယ ပုရိန်(အေဒီ ၁၁၂၃-၁၁၄၂)၊ ဒြိပ် (အေဒီ ၁၁၄၂-၁၁၅၄)၊ ဒုတိယ ဓမ္ဘ၀က်(အေဒီ ၁၁၅၅-၁၁၆၃)၊ မြို့ဟောင်းတောင်သူ(အေဒီ ၁၁၆၃-၁၂၅၀)၊ ဒုတိယ လောင်းကြက်(အေဒီ
၁၂၅၁-၁၄၀၆) နှင့် မြောက်ဦး(အေဒီ ၁၄၃၀-၁၇၈၄) ဟူ၍ မြို့တော်များ အဆက်ဆက်တွင် ရခိုင်မင်းများ နန်းစိုက်ခဲ့ကြသည်ဟု ဆိုပေသည်။ ပထမ မြောက်ဦး၊ ဒုတိယ မြောက်ဦး နှစ်ကြိမ် နန်းစိုက်ခဲ့ခြင်း ဖြစ်၏။
မြောက်ဦးမြို့သည် ကုလားတန်(ကစ္ဆပနဒီ) မြစ်ဝှမ်းနှင့် လေးမြို့မြစ်(လည်မျို) မြစ်ဝှမ်း အကြား ထိုမြစ်နှစ်စင်း၏ ရေဝေကြော အတွင်းရှိ ၀က်သားစို့(၀က်သတိုး) တောင်ကြော၊ တောင်စွယ်များ အကြား၌ တည်ရှိသည်။ ကုလားတန်မြစ်သို့ သငေဘော၊ အောင်တပ်ချောင်း များမှ ကူးလူး သွားလာနိုင်၍ လေးမြို့မြစ်သို့ ပေါင်းတုတ်ချောင်းမှ ကူးလူး သွားလာနိုင်သည်။

ထူးထူး ခြားခြား မြောက်ဦးမြို့ထဲ၌ ဖြတ်သန်း စီးဆင်းနေသော အလယ်ဈေး ချောင်း သည်လည်း အောင်တပ် ချောင်းဆွယ်တစ်ခု ဖြစ်နေပြန်သည်။ ထိုချောင်းများ၊ မြစ်များသည် ရှေးအခါက ယခု မျက်မှောက် ကာလထက် များစွာ ရေကြောင်းကောင်းပေရာ ပင်လယ်ကူး သင်္ဘောများ ၀င်ထွက်နိုင်သည်ဟု ဆိုကြပေသည်။ သို့ဖြစ်ရာ ပင်လယ်ဘက်မှ ၀င်လာသော၊ ပင်လယ်ဘက်သို့ ထွက်ခွာသော ပင်လယ်ကူး လှေသင်္ဘောများ အတွက် မြောက်ဦးသည် ဆိပ်ကမ်းကောင်း တစ်ခု အဖြစ် တည်ရှိခဲ့ဖူးကြောင်း ရှေးသမိုင်းတွင် ထင်ရှားခဲ့ပေသည်။

ပထမမြောက်ဦးမင်းဆက်မှ (မင်းလှရာဇာ)စောမွန်မင်း (ခရစ်နှစ် ၁၅၁၂) ၏ ကုသိုလ်ကို ခရစ်နှစ် ၁၅၉၆ တွင် မြောက်ဦးဘူရင် မင်းရာဇာကြီး ပြန်လည်ပြုပြင်
တည်ဆောက်ခဲ့သော အံတော်သိမ်ဘုရား

သူ့ခေတ် သူ့အခါက မြောက်ဦးမြို့သည် လူဦးရေ တစ်သိန်း ခြောက်သောင်းခန့် ရှိသည်ဟု မြောက်ဦးမြို့တော်၌ နှစ်နှင့် ချီပြီး နေထိုင်သွားခဲ့သူ၊ ပေါ်တူဂီ သာသနာပြု ဘုန်းတော်ကြီး ဖရေးမန်နရစ်(Freymanrique) က ၁၆၃၀ ခုနှစ်ကျော်ခန့်က ရေးသား မှတ်တမ်း ပြုသွားခဲ့ပေသည်။ ထိုကာလ မြောက်ဦးမြို့တော်သည် အာရှတိုက်တွင် အချမ်းသာဆုံး မြို့များ စာရင်း၌ ထိပ်တန်းမှ ရှိသည်ဟုလည်း ရှေးခေတ် နိုင်ငံခြားသား ကုန်သည်နှင့် စွန့်စား သွားလာသူ များက ရေးသား မှတ်တမ်း ပြုခဲ့ကြသည်။ မြောက်ဦး၏ ထင်ရှားမှု၊ ကြွယ်ဝမှု၊ စည်ပင်မှုကို ထိုစဉ်က အနောက်နိုင်ငံများတွင် ထင်ရှားသော လန်ဒန်၊ အမ်စတာဒမ် စသော မြို့များနှင့် တန်းတူ ထား၍ ရောက်ရှိ ခဲ့ဖူးသော အနောက် နိုင်ငံသားများက မှတ်ချက်ပြု ရေးသားခဲ့ ကြသည်။ ၁၄၃၃ ခုက မြောက်ဦးသို့ ရောက်ခဲ့သော အီတလီ နိုင်ငံသား နီကိုလိုဒီကွန်တီ၊ ၁၅၁၇ ခုက မြောက်ဦး ရောက်ခဲ့သော ပေါ်တူဂီ နိုင်ငံသား ဒန်ဂျော်ဒီဆေးဗီးယား တို့၏ မှတ်တမ်းများ အရလည်း မြောက်ဦး အကြောင်း အများက သိကြရသည်။

ဘုရင်မင်းဗာ(အေဒီ ၁၅၃၁ - ၁၅၅၃) ၏ ကုသိုလ်တော် ရှစ်သောင်းပုထိုးတော်ကြီးအား ၁၉၉၅ ခုနှစ်ကတွေ့၇ပုံ စာရေးသူသည် မြောက်ဦးသို့ လေးကြိမ် ရောက်ခဲ့ဖူးသည်။ ၁၉၉၅ ခုနှစ် ဧပြီလက ပထမ အကြိမ်၊ ၁၉၉၇ ခု ဇန်န၀ါရီတွင် ဒုတိယ အကြိမ်၊ ၁၉၉၈ ခု ဧပြီလတွင် တတိယ အကြိမ်နှင့် ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ၌ စတုတ္ထ အကြိမ် ရောက်ခဲ့ပါသည်။ ရောက်ရှိခဲ့သော လေးကြိမ်တွင် မြောက်ဦးဒေသ၏ ဖွံ့ဖြိုးမှုမှာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုကောင်းလာသည်ကို သိသိသာသာ တွေ့ရပြီး လမ်းပန်း ဆက်သွယ်ရေး၊ တည်းခို နေထိုင်ရေးနှင့် ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းနိုင်မှုတွင် တစ်ကြိမ်ထက် တစ်ကြိမ် တိုးတက် ကောင်းမွန်လာသော အနေအထားများ မြင်တွေ့ခဲ့ ရပါသည်။

မှတ်မှတ်ရရ ၁၉၉၅ ခုနှစ်က ပထမဆုံး အကြိမ် ရောက်ရှိခဲ့စဉ်က မြောက်ဦးမြို့ရှိ ရှေးဟောင်း အဆောက်အအုံ၊ ဘုရား၊ ပုထိုးများမှာ ပြုပြင် ထိန်းသိမ်းမှု များစွာ အားနည်းလှပြီး အချို့ နေရာများဆိုလျှင် လေ့လာနိုင်ရန် အတွက် တောထနေသော သစ်ပင်ခြုံနွယ် များကို ရှင်းလင်းပြီး သွားရောက်ခဲ့ ရသည်။ ထိုအချိန် ကာလက ကိုးသောင်း ပုထိုးတော်ကြီး ဆိုလျှင် ခြုံနွယ်များဖြင့် တောင်ကုန်း တစ်ခု သဖွယ်သာ တွေ့ရသည်။ အနော်မာ ဆိုလျှင် မြေကြီးများသည် အောက်ခြေ ပလ္လင်ကို ဖုံးအုပ်နေသည်။ ပလ္လင် ပတ်ပတ်လည်မှ ကျောက်ဆစ် ရုပ်များမှာ နောက်ပိုင်း တူးဖော်လိုက်တော့မှ မြင်တွေ့ ကြရသည်။ ရွှေကြာသိမ် ဆိုလျှင်လည်း တောထနေသော သစ်ပင်များကြား၌ သွားရသည်။

ဝေသာလီမြို့ဟောင်းမှရရှိသောနတ်ရုပ်များ

မြောက်ဦးဘုရင်မင်းဗာ(အေဒီ ၁၅၃၁-၁၅၅၃ )၏ ကုသိုလ် ၊ ရှစ်သောင်းပုထိုးကြီး တွင်တွေ့ရသော ယ္ခဘီလူးကျောက်ဆစ်ရုပ်

ခြင်ကိုက်ပိဋကတ်တိုက် ဆိုလျှင်လည်း ခြုံတိုး၍ သွားခဲ့ ရသည်။ ရတနာပုံ စေတီ မှာလည်း အပေါ်ပိုင်း သပိတ်မှောက်၊ အထက်ပိုင်း ပြိုပျက်နေပြီး စေတီကြီး၏ ကိုယ်လုံးတော်၌ ပတ်ကြားအက်ကြီး ရှိနေခဲ့သည်။ ထင်ရှားသော အံတော်သိမ်သည် ပင်လျှင် အောက်ပိုင်း ကျောက်အုတ်များ ကျွံထွက်ကာ ပြိုပျက် နိုင်သည့် အနေအထား ရှိခဲ့သည်။ စာရေးသူ ရောက်ရှိခဲ့ပြီးနောက် ၁၉၉၆ ခုတွင် ရှေးဟောင်း သုတေသနဌာနမှ ဘုရားပုထိုးများ ပြုပြင် ထိန်းသိမ်းခြင်း ၊ သက်ဆိုင်ရာမှ လမ်းများဖောက် ၊ တောများရှင်းခဲ့ကာ မြောက်ဦး ၀န်းကျင် တစ်ခုလုံးကို နှစ်ရှည် ပြုပြင် ခဲ့သည်။ ထိုအချိန် နောက်ပိုင်းကျမှ သွားလာရေး လွယ်ကူခဲ့သည်။

၂၀၀၃ ခုတွင် စာရေးသူ စတုတ္ထအကြိမ်မြောက် မြောက်ဦးမြို့သို့ ရောက်သောအခါ စေတီ၊ ပုထိုး၊ ဘုရားများသို့ လွယ်ကူစွာ သွားလာ နိုင်ခဲ့ပြီ ဖြစ်၏။ ယခု အခါ၌ မြောက်ဦး မြို့တော်ဟောင်းတွင် လေ့လာလိုသမျှ လွယ်ကူစွာ လှည့်လည် သွားလာ နိုင်ကြပေပြီ။ နေရာအနှံ့ သို့ ကားဖြင့် သွားလာနိုင်သော လမ်းများ ရှိနေပြီ ဖြစ်ပေသည်။

၂၀၀၀ ပြည့် ၀န်းကျင်တွင် မြောက်ဦး ပြတိုက်သည်လည်း ရှေးကလို မဟုတ်ဘဲ ချဲ့ထွင် အသစ် တည်ဆောက်ပြီး ဖြစ်ရာ ရှေးဟောင်းပစ္စည်း များစွာကို လွယ်ကူစွာ လေ့လာနိုင်သည် ဖြစ်၏။ မြောက်ဦးမြို့၏ နာမည်ကျော် ဗန္ဓုလ ကျောင်းမှာလည်း သမိုင်းဝင် ရှေးဟောင်း ဗုဒ္ဓ ဆင်းတုတော်များ၊ ရခိုင် ဒင်္ဂါးများ၊ ရှေးဟောင်း ပစ္စည်း အမျိုးမျိုးနှင့် ကျော်ကြားလှသော စန္ဒာမုနိ ရုပ်ပွားတော်ကြီး ကိုလည်း ဖူးမြော် လေ့လာနိုင်ပေသည်။

ဘောင်းဒွပ်(မြောက်ဦးအနီး) ရွာမှ ဒတ်ခ်ျတို့၏ ကုန်တိုက်

တကယ်တော့ မြောက်ဦးသည် ရှေးအခါက ဘုရင့် နေပြည်တော် အဖြစ် နှစ်ပေါင်း သုံးရာ့ငါးဆယ် ကျော်ကြာ ထင်ရှားခဲ့ဖူးသည်။ မြောက်ဦးတွင် တည်ထားသော စေတီ၊ ပုထိုးများကား သံကျောက်၊ သက်ရင့် သဲကျောက် များဖြင့် တည်ထားသည် ဖြစ်ရာ မြန်မာ နိုင်ငံ အရပ်ရပ်မှ သာသနိက အဆောက်အအုံ အများစုလို အုတ် အဆောက်အအုံများ မဟုတ်ကြသည်က တစ်မျိုး ထူးခြားသည်။ ဗုဒ္ဓရုပ်ပွားတော် များနှင့် တခြားရုပ်တု၊ မှတ်တိုက်၊ အမွန်းအပြောက်၊ ဇာတ်ကွက်၊ ဇာတ်ရုပ်များမှာ ကျောက်ဆစ်လက်ရာများ ဖြစ်နေခြင်း ကလည်း ထူးခြားသည်။ တောင်ကြောများကို ဆက်၍ မြို့ရိုးတံတိုင်း များကို ကျောက်သားများဖြင့် တည်ဆောက်ထားပုံက တစ်မျိုး ထူးခြားသည်။ ရေကန်များ၊ ချောင်း၊ မြောင်းများဖြင့် သုံးရေ ဖြန့်ဝေပုံ၊ ရေအားလုံး ကာကွယ်ရေး စနစ် တည်ဆောက် ထားပုံ ကလည်း ထူးခြားသည်။

ခရစ်နှစ် ၁၅၂၅ တွင် မြောက်ဦးဘုရင်
မင်းခေါင်ရာဇာကြီး၏ကုသိုလ်၊ လင်ပန်းပြောက်စေတီမှ ကြွေရည်သုတ်စဉ့်အုတ်ခွက်တစ်ခု

မြောက်ဦးတွင် ခံတပ်၊ ကျီ၊ တံခါး၊ ကန်၊ ကျုံး၊ တံတိုင်း၊ မြို့ရိုး စသည်များကား လေ့လာ ဖွယ်ရာများ ဖြစ်သည်။ ပြန်လည် တူးဖော်ထားသော နန်းတော်ကုန်း၊ နန်းတော်ရာ နှင့် တကွ အမတ်၊ မင်းသား၊ မင်းသမီး၊ မိဖုရား၊ ဘုရင် စသည်ဖြင့် ကုသိုလ်ရှင် သုံးဆယ်ခန့် တို့၏ ဘုရား၊ ပုထိုးပေါင်း ၅၀ ကျော်ကို မြို့ဝန်းကျင်၌ လေ့လာ နိုင်သော နေရာ ဖြစ်ပေသည်။ နိုင်ငံတကာနှင့် ဆက်ဆံခဲ့သော မြောက်ဦး၏ သက်သေ အဖြစ် မြောက်ဦး ပြတိုက်မှ ပေါ်တူဂီ၊ ဒတ်ခ်ျတို့၏ မှတ်တိုင်၊ ကျောက်စာတိုင်များ၊ ဘောင်းဒွတ်ရွာ၊ ဒတ်ခ်ျ ကုန်တိုက် အဆောက်အအုံ တို့ကား လေ့လာ စရာများ ဖြစ်ပေသည်။

`မြန်မာ မှန်လျှင် ပုဂံ ရောက်ဖူးရမည်´ ဟု ဆိုရိုး စကားတစ်ခု ရှိခဲ့ပေသည်။ တကယ်တော့ မြန်မာတို့သည် ပုဂံသာမက သရေခေတ္တရာ(ပြည်)၊ ထားဝယ်၊ တနင်္သာရီနှင့် ရခိုင်ပြည်နယ် အတွင်းရှိ ကျောက်တော် မြောက်ဦးဒေသ(ဓည၀တီ၊ ဝေသာလီနှင့် မြောက်ဦး) တို့သည် ကိုယ့်နိုင်ငံ သမိုင်းကို သိကြ၊ ဂုဏ်ယူ နိုင်ကြရန် အတွက် သွားရောက် လေ့လာသင့်သော နေရာ ဌာနများ ဖြစ်ပေသည်။

ရှစ်သောင်းပုထိုးတော်ကြီးအတွင်းမှရုပ်ကြွများ
မြောက်ဦးတွင် အမည်နာမရှိ ခံတပ် ဆယ်ခု၊ ကျီတော် သုံးဆယ့်ရှစ်ခု၊ တံခါး တစ်ဆယ့်သုံးခု၊ ကျုံး ရှစ်ကျုံး၊ ကန် ခြောက်ကန်၊ တံတိုင်း လေးခုနှင့် စေတီ၊ ပုထိုး၊ ဂူကျောင်း ၅၂ ခု ရှိကြောင်း မှတ်တမ်း များက ဆိုပေသည်။

0 comments:

Post a Comment

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်