Thursday, November 12, 2015

ရခိုင်နှင့် ပန်သဇင်

မိုးရာသီကုန်ဆုံးလျှင် ဟေမန္တဆောင်းဥတုသို့ ကူးပြောင်းလာသည်။ ထိုအခါ ဆီးနှင်းစိုစွတ်လျက် မြောက်လေ စုတ်လေ တစ်သုတ်သုတ်ထ၍ ချမ်းအေးလာသည်။ ထို့ကြောင့် ရခိုင်စာဆို ဆရာထွန်းက...

"မိုးလေးလဆုံး ၊တန်ဆောင်မုန်းလ
သာရဒတွင်၊ ၀သန်ကုန်နှောင်း
ဟေမာန်ပြောင်းလျက်၊ ဒေါင်းနှင့်ယုန်ပျံ
ဘုံနဘံဝယ်၊ ကြုံစံကာတွေ့" ဟူ၍ ဦးရာဇ်တောင်ဘုရားသမိုင်း လင်္ကာ၌စပ်ဆိုထားခဲ့သည်။
ထိုဆောင်းလအခါတွင် မြောက်လေပြန်ခေတ်လိုက်လျှင် သဇင်ရနံ့လည်း ကြိုင်သင်းခဲ့ရလေသည်။ သဇင်ပန်း ပွင့်ချိန်မှာ နတ်တော်လ၌ အစပြုသည်။ တပို့တွဲလတွင် သဇင်ပန်း အဆုံးတိုင်တော့သည်။

ထို့ကြောင့် "သဇင်ပေါ်စ နတ်တော်လ၊ သဇင်လည်းပွဲ တပိုတွဲ" ဟု ရခိုင်တို့က မှတ်တမ်းစကား ပြောလေ့ရှိ လာခဲ့ကြသည်။

ထိုကိုရည်၍ "မြောက်လေပြန်နှင့်၊ ဟေမန္တဟု၊ လနတ်တော်မှာ၊ ဂေါ်သဇင်ခိုင်၊ ပန်းမွှေးကြိုင်ကို ဟူ၍ သတ္တ ထာနု သာချင်း၌ ဆရာထွန်းက စပ်ဆိုမှုပြုခဲ့ခြင်း ဖြစ်သည်။


ဆရာဦးအောင်ထွန်းကလည်း ၄င်း၏ "၀ံသာနုလွမ်းမပြေ သာချင်း"တွင် "ဆန်းလနတ်တော်၊ သဇင်ပေါ်ကေ၊ ဟေမာဥတု" ဟုစပ်ဆိုမှု ပြုခဲ့လေသည်။


သဇင်ပန်းသည်"နန်းတော်သူဆင်၊ ပန်းတော်ဝင်သဇင်ကုံးကို"ဟူ၍ ဆိုသောကြောင့်ရခိုင်ပြည်နယ်၌ အထွတ် အမြတ်ဆုံး စံတင် ပြုထားခြင်းခံရသော ပန်းလည်းဖြစ်သည်။ ထိုသဇင်ပန်းကို ထွတ်မြတ်သော ဘုရား၊ တ ရား၊ သားသမီး ရတနာ၊ ချစ်သူမောင်တို့၌ ဥပမာတင်စား၍ ခိုင်းနှိုင်းရာ၌ အသုံးပြုကြောင်း တွေ့ရသည်။
ထို့ကြောင့် "သဇင်ပန်းခိုင်၊ တမြိုင်မြိုင်၊ ရခိုင်ဘုရားပေါင်း" ဟုလည်းကောင်း၊ "သားဝမ်းဝင်လေ၊ သဇင်ပန်း ကို၊ တမ်းကာလည်းဆို၊ အိုလည်းသမီး၊ လှသဇင်လေ၊ ငါ့ရင်သွီးလျှင်၊ ပဖာတွင်ကေ၊ သဇင်ကုံးနှင့်၊ ရွှင်ပြုံး တူစုံ" ဟူ၍လည်းကောင်း၊ "တောင်ပုတ်ကေမှာ၊ ကျားသျှေရာလည်း ကျော်လမ်း၊ ကျောင်းပါးတောင်မှာ၊ သဇင်ပန်းကို၊ လူနမ်းလားရာ" ဟူ၍လည်းကောင်း စာဖွဲ့ထားခဲ့ကြလေသည်။

ရှေးအခါကဆိုလျှင် တော်ဝင်ခံရသော သဇင်ပန်းကို နန်းတွင်းသူများ၊ မိဖုရား၊ မင်းသမီးများတို့သာ အထွတ် အမြတ် ပန်ဆင်ခဲ့ကြသည်။ ရခိုင်သာချင်း စာဆိုတို့ကလည်း ထိုကို ဂုဏ်တင်လျက် မင်းသမီးတို့ကို မင်းသား တို့က သဇင်ပန်းပန်ဆင်ပေးလေ့ ဖွဲ့ဆိုခြင်းများကိုတွေ့ရသည်။


ဆရာထွန်း၏ ဥပ္ပလ၀ဏ်အလောင်း ပဒုမ္မ၀တီ သာချင်းတွင် လည်းကောင်း၊ ပန်းရွှေမြိုင်နှင့် နန်းကေခိုင် သာ ချင်းတွင် လည်းကောင်း၊ သဇင်ပန်း ပန်ဆင်ပေးခြင်းများကို ရေးစပ်ဖွဲ့ဆို ထားခြင်းများတို့က ထင်ရှားလေ သည်။


ထိုပဒုမ္မသာချင်း၌ ဗာရာဏသီပြည့်ရှင်မင်းနှင့် ပုဒုမ္မ၀တီတို့ ချစ်ကြိုက်မေတ္တာသက်ခဲ့ကြသဖြင့် ပြည်တော်ကို ဆောင်ယူလာသည်။ ထိုအခါ တောစခန်း၌ မင်းဗာရာက မေပဒုမ္မာကို ဂေါ်သဇင်ပန်း ဆွတ်ယူ ဆင်သပေးခဲ့ ရသည်ကို ဖွဲ့ဆိုထားသည်။


ဗာရာဏသီပြည်ရှင် ဗြဟ္မဒတ်မင်းနှင့် မိဖုရားစန္ဒာဒေ၀ီမှ မွေးဖွားသောသားတော် သတ္တထာနုမင်းသားသည် ဇေတရာဇ်တိုင်းနိုင်ငံမှ တစ်ဦးတည်းသော ပြည့်ရှင်မင်း၏ ပဖာနှင့် လူပျိုလှည့်ရေးအတွက် သဇင်ပန်းကို ဂရုတစိုက်ရှာယူကာ ပန်ဆင်ပေးခဲ့ရသည်ကို သတ္တထာနုသာချင်း၌ ဖွဲ့ဆိုလျက်ရှိသည်။


ပညာသင်ရာမှ ပြည်တော်ပြန်လာသော နန်းကေခိုင်မင်းသားသည် မင်းသမီးရွှေမြိုင်ကို ဖခင်ဇော်ဂျီ ဆေးရှာ သွားနေခိုက် ကျောက်ဂူအတွင်း၌ တစ်ယောက်တည်းတွေ့ရ၍ ချစ်ရေးဆိုကာ ကြိုက်နှစ်သက်ခဲ့ရသည်။ ထို သူတို့မောင်နှံစုံ ဗာရာဏသီပြည်ဌာနီသို့ ပြန်လာကြရာ တောစခန်း၌ သဇင်ပန်းကို ပန်ဆင်လိုလှသဖြင့် နောက်တော်ပါ ငရွှေကျော်က ဆွတ်ယူပေးခဲ့ရသည်။


ဇမ်းသာချင်းတို့၌လည်း...

"ဆောင်းလရာသီ၊ ပွင့်ဝီ၀ီ၊ ဇာတီပြင်နား၊
တောင်စောင်းဖျားမှာ၊ လှများသခင်၊
မွှီးသဇင်ကို မောင်မြတ်လတ်ကေ
ချစ်တေမေ၊ ပူသျှေထွက်
လှမ်းလက်ပီးမေ" ဟုပင် စပ်ဆိုထားခြင်းရှိလေသည်။

ကျိန်းတောင် ကျိန်းတောင်၊ ရွှေကျိန်းတောင်

ကျိန်းတောင်ကျော်လမ်း၊ ခမောင်းပင်မှာ
သဇင်ပန်းကို၊ နှမနမ်းတုံ၊ မောင်နမ်းတုံ" ဟုလည်း တယုတယ နမ်းခဲ့သည်။

ယခုအခါ ရခုင်သဇင်ပန်းကား ပို၍ပင် ကျော်သည်ထက်ကျော် လှိုင်သည်ထက်လှိုင်ခဲ့ပေပြီ၊ ပြည်သူ သမီးပျို များ၏ အချစ်ပန်းလည်းဖြစ်လာရသည်။ ရန်ကုန်စသော မြန်မာပြည်မြို့ကြိးများသို့ပင် လေယာဉ်ပျံဖြင့်ပို့ပေး ရောင်းချခြင်းဖြင့် အကြိုက်လည်း များတောင်းလှပေသည်။


သာချင်းစာဆိုတို့၏ သာချင်းဝတ္ထုဖွဲ့ဆိုမှု သဇင်ပန်းဘွဲ့များကို ယခုတင်ပြလိုက်ပါသည်။


"ပဒုမ္မာမှာ၊ မောင်တော်ဘုရား

မေ့ထိပ်တင်ကေ၊ လင်မင်းများလေ
မွှေးငြားထူးဆန်း၊ ဤသည်ပန်းကို
အလှပြုံးချို၊ မဘုန်းမိုကေ
ညိုနှမလေ၊ သစ်ခွပန်းတွင်
ဂေါ်သဇင်ဟု၊ ခေါ်တွင်တော့သည်
ဆိုတုံပေက၊ နှမညိုမြ
နန်းတော်သူတွင်၊ ပန်းသဇင်ကို
ဆင်ခြင်လှဟု၊ ချိုမြသာယာ
ဆိုလေပါကေ၊ လှမ်းကာမှီနိုင်
အပင်မြင့်မှာ၊ ဆင်နှင့်ချဉ်၍
ကိုင်ကာလှမ်းညွှတ်၊ သဇင်ဖြူကို
ယူကာဆွတ်လို့၊ လှနတ်ညာစံ
ထုံးကေဆံမှာ၊ ဆင်ပန်ပြီးမှ
များဗိုလ်ခြေနှင့်၊ သွားလေကြကေ
တောဝရဂုံ၊ မြိုင်လမ်းတည့်လေ။"
                                (ဆရာထွန်း၏ ပဒုမ္မ၀တီ သာချင်းမှ)

"ဘွားဘက်တော်လှ၊ မလေးကလေ

ဤည၌ပင်၊ မေ့ယံခွင်သို့
ငါလျှင်မင်းပျို၊ ၀င်ချင်လိုဟု
ဆိုလေသောအခါ၊ ယဉ်ကျော်မင်းမှာ
လျှောက်ခြင်းရာက၊ ပဖာဝတီ
လှသဘီလျှင်၊ ရွှေအိမ်ကြငှန်း
မြပန်းတိုင်လေ၊ ပင်ဆိုင်နန်းမှာ
စံမြန်း၍သာ၊ နေရပါကေ
ဥမ္မာကိုထက်၊ ပန်းကိုမုံလေ
လွန်စုံမက်လို့၊ နှစ်သက်တတ်သည်
သို့ဖြစ်ပေမူ၊ မေပဖာထွက်
လက်ဆောင်တော်လျှင်၊ မွေးစွာကြိုင်ရွှမ်း
ဂေါ်သဇင်လေ၊ တော်ဝင်ပန်းကို
ရွှေနန်းသခင်၊ ဘုရင်ရာဇာ
ဆောင်ယူခါမှ၊ တော်ပါလိမ့်မည်
လျှောက်တုံလေသော်၊ ဘုန်းကြွယ်မင်းသား
ဟေ၀န်တောင်လေ၊ မြိုင်ချောင်တောမှာ
ဆန်းပြားလှစွာ၊ ပန်းတကာတို့
ရှာပါခိမည်၊ စိတ်ကရည်၍
ကြံစည်လျက်ပင်၊ နေမင်းဝင်ကေ
မိုးလျှင်ချုပ်ကြီး၊ ညအချိန်မှာ
နာရီတီးလို့၊ စည်ကြီးလည်းဆော်
တပိုကျော်တွင်၊ လောင်းတော်မင်းမြတ်
ပုဏ္ဏါးဝတ်လို့၊ နတ်လုလင်တို့
ဆင်ယင်တုံပြီး၊ ဓားသံလျက်ကို
ညာဘက်ကိုင်ဗျာ၊ ယာဉ်ကျော်မြင်းကို
နင်းကာစီး၍၊ ခရီးကောင်းကင်
အာကာပြင်က၊ မြိုင်ခွင်သာယာ
နှင်းစွေထန်နှင့်၊ ဟေ၀န်တောသို့
သါားလေပါကေ၊ မကြာထုတ်ချောက်
ရောက်၏တည်းလေ။"
                      (ဆရာထွန်း သတ္တဘာနု သာချင်းမှ)

"လွမ်းစဖွယ်လေ၊ ဆန်းကြယ်ပန်မန်

ပွင့်ဖူးဟန်ကို၊ မြင်ပြန်သောခါ
လှပြာညိုမှာ၊ သိလိုရေးနှင့်
မေးခြင်းရာက၊ မောင်တော်ဘုရား
မေထိတ်တင်ကေ၊ ရှင်မင်းများလေ
ရှူငြားစခန်း၊ အသွယ်သွယ်လေ
ဟိုပင်မြင့်မှာ၊ ပွင့်လို့နေကာ
အဘယ်ပန်းနည်း၊ ခွဲခြင်းသေချာ
သိလိုရေးနှင့်၊ မေးလေပါကေ
မွှေးစွာကြိုင်ရွှမ်း၊ ထိုသစ်ပင်မှာ
မြင်သည်ပန်းကား၊ နန်းတော်သူဆင်
ဂေါ်သဇင်ဟု၊ လူရှင်အများ
ခေါ်ခြင်းဟန်ကို၊ ပြန်ကာပြောသော်
ညိုချောနှမ၊ ပန်းကိုမြင်ကေ
ဆင်ချင်လှရေး၊ ရှင်မ ဆိုသော်
ငရွှေကျော်လျှင်၊ ပင်ပေါ်ထက်က
တက်ကာချင်ကေ၊ သစ်ခွပန်းမန်
မေ၏ဆံမှာ၊ ဆင်ပြန်ပြီးမှ
ပန်းရွှေမြိုင်လေ၊ ယဉ်ချောလှမှာ
စိတ်ကကြည်ညို၊ ရွှင်စေလို၍
လင်ကိုပလီ၊ မာယာချီ၍
မပီတစ်ခွန်း၊ ပီတစ်ခွန်းနှင့်
ပန်းကိုစိတ်တတ်၊ မောင်ကလှမ်းကိုင်
မေပန်းမြိုင်လျှင်၊ တစ်ခိုင်ဆွတ်လို့
ချပ်ကာပန်ဆင်၊ ပန်းမြိုင်ခွင်မှာ
လင်နှင့်မယား၊ မာယာပရိယာယ်
အသွယ်သွယ်ဖြင့်၊ ချစ်ဖွယ်ပြောလို့
တောအတန်တန်၊ သွားလေပြန်ရေ။"
                                    ဆရာယွန်း-ပန်းရွှေမြိုင်နှင့် နန်းကေခိုင်သာချင်းမှ
                                    အသျှင်စက္ကိန္ဒ၏ရခိုင်ဆို အရွှေ့သာချင်းမှ

အသျှင်စက္ကိန္ဒ


စစ်တွေကောလိပ် မဂ္ဂဇင်း ၁၉၈၄-၈၅၊နှစ်လည်


အရှင်စက္ကိန္ဒ၊ ရခိုင်ယဉ်ကျေးမှုများ အမှတ်(၄) စာအုပ်မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment

ad

မဲဆောက် ရိုးရာယဉ်ကျေးမှု ပွဲ

ရခိုင် သမိုင်းတိနနန့် ရခိုင်တေးခြင်း တိ စုဆောင်းရာ နေရာကိုရောက်လာဂတ်တေ ရခိုင်သူရခိုင်သားအပေါင်းရို့ မောင်္ဂလာပါ....လို့.. arakanhistoryandmusic ကကြိုဆိုပါရေ..

တိုင်းရက္ခ သာကီနွယ်ဖွား - ဆို - သဇင်မိုး

ရခိုင်နိုင်ငံသည် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သော ဒေသဖြစ်ပါသည် ဤမှန်သော သစွာစကားကြောင့် ရခိုင်နိုင်ငံသူ/သားများ အားလုံးများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေပြီး {အဖရခိုင်နိုင်ငံ အီးချမ်းပါစီ သာယာပါစီ} { ရခိုင်သမိုင်း } ရခိုင်သူ/သားတိ အမျိုးကိုချစ်ကေ့ ငါရို့ဘာသာစကား မပျောက်ပျက်အောင် ထိမ်းသိမ်းကတ် ဘုရားမပျောက်စိကေ့

Followers

ဆက်သွယ်ဖို့

Name

Email *

Message *

Labels

ရခိုင်သမိုင်း ရခိုင်ရုပ်သံချေတိ ကျား ရခိုင် mp3 အေနိရခိုင် တကိုယ်တော် ရခိုင်ဇမ်းကဗျာ ဆောင်းပါး ဘုရားသမိုင်း နိုင်ငံရီး အဖွဲ့လိုက် ဦးမောင်သိန်း တရားတော် ရခိုင်အလှပုံတိ အယင်ခေတ်ဓါတ်ပုံ ဆရာတော် သီဝလိ ဖတ်စရာတိ ရခိုင်စာပီ ရိုးယာချေတိ ဝင်းနန္ဒာခိုင် ရခိုင် ယဉ်ကျေးမှု ရခိုင်ရိုးရာ ဇော်ဇော် ခိုင်မျိုးခန့် ဒိုးကလေး ၀င်းကိုခိုင် ခမီလူမျိုး စုံတွဲ ညှာစိမ်းခိုင် မိချော ရေဒီယို ၀တ္ထု ဆရာတော် ဦးဥတ္တမ ဆုမြတ်ထက် မာန်အောင် ရခိုင်စည်တော် ရမ္မာဝတိရမ်းဗြဲ တော်လှန်ရီး မောင်ကိုကို မြိုလူမျိုး ကမန်လူမျိုး ကိုကိုနိုင် ကိုခိုင်ဇော် ကိုညီညီ ကျာ်စွာဝင်း ခိုင်မိုး ခိုင်ကျော်လင်း ခိုင်ဇော် ခိုင်ပြည်ကျော် ခိုင်မြတ်မင်း စစ်နိုင် စစ်ငြိမ်းနိုင် စိမ်းလဲ့လဲ့ စိုးဝင်းမြင့် စံမော် ထွန်းအေး ဒိုးအ်ရီ ဒွါရာဝတီ ဘာသာရီး ဘုန်းလျှံ ရခိုင်ဖေါင့် ရတနာမိုင် ရမ္မာဝတီစံဝင်း ရီလှိုင်းပြာ ရဲလင်းအောင် လုန်းချေ လပြည့်အောင် ဝတီစိုးမိုး သာစိန် သျှင်မြဝါ သင်္ကြန်တေးခြင်း သင်္ကြန် အဂုရခိုင်ပုံချေတိ အင်တာဗျူး အမ်းမြို့ ဦးကျော်လှ ကျောက်ဖြူ စောနှင်းနွယ် နေထက်လင်း အောင်နိုင်ဆန်း မြောက်ဦး ငြိမ်းစန္ဒာ မြခိုင်ကျော် မြတ်ထွန်းခိုင် ၀င်းအောင်